" တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး ဘယ်အစိုးရတက်တက်၊ ဘယ်အစိုးရကလုပ်လုပ် ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ကျုပ်ပြောချင်တယ် "

Tuesday, July 28

NAGALAND အပိုင်း [၁]

ပထဝီအနေအထား
နာဂပြည်နယ် သည် အိန္ဒိယနိုင်ငံ ၏ အရှေ့မြောက်အဖျား တွင်တည်ရှိသော တောင်ပေါ်ဒေသပြည်နယ်တခု ဖြစ်ပြီး၊ အရှေ့ဖက်တွင် မြန်မာနိုင်ငံ၊ အနောက်ဖက် တွင် အာသံပြည်နယ်၊ တောင်ဖက်တွင် မဏိပူရ် ပြည်နယ်၊ နှင့် မြောက်ဖက် တွင် အာရုံချာပရာဒေ့ရှ် ပြည်နယ် တို့ဖြင့် နယ်နမိတ် ခြင်းဆက်စပ် လျှက်ရှိသည်။ နာဂပြည်နယ် ၏ မြိုတော် မှာ "ကိုဟီမ [Kohima]" ဖြစ်ပြီး၊ အကြီးဆုံးမြို့ မှာ ဒိမ္မပူရ် [Dimapur] ဖြစ်သည်။ အကျယ်အဝန်း အားဖြင့် အစုစုပေါင်း စတုရန်းမိုင် ၆,၄၀၁ မိုင် [ ၁၆,၅၇၉ စတုရန်း ကီလိုမီတာ ] ရှိပြီး၊ လူဦးရေ နှစ်သန်းနီးပါး မျှ သာရှိ၍ အိန္ဒိယပြည် ၏ အငယ်ဆုံး ပြည်နယ် တခုလည်း ဖြစ်သည်။ COORDINATES   25° 24′ 0″ N, 94° 4′ 48″ E

နာဂပြည်နယ် သည် တောင်ထူထပ်သည့် အလျှောက်  နာဂတောင်တန်းကြီး သည် အာသံ ပြည်နယ် ရှိ 'ဗြမ္မာပုတ္တရ တောင်ကြား' မှ အစပြုခါ အမြင့် ပေ၂,၀၀၀ ရှိပြီး၊ တောင်ဘက်သို့ တန်းဆင်း သွားပါသည်။ တချို့နေရာတွင် အမြင့် ပေ ၆,၀၀၀ ထိ မြင့်၍၊ အမြင့်ဆုံးတောင်ထွဋ် မှာ ပေပေါင်း ၁၂,၅၅၂ ပေ ရှိ သော 'စာရမ္မတီ တောင်ထွဋ်' ဟုခေါ်သည်။ မြန်မာနိုင်ငံ မှ 'ဖတ်ကိုင်တောင်တန်း' နှင့် နာဂတောင်တန်း သည် ထို 'စာရမ္မတီတောင်ထွဋ်' တွင် ပေါင်းဆုံမိပါသည်။ မြောက်ဖက်တွင် 'ဒိုယန်' နှင့် 'ဒီဖ'ူ မြစ် နှစ်သွယ် က ဝန်းရံထားပြီး၊ အနောက်တောင်ဖက် တွင် 'ဘာလတ်(က်)မြစ်၊ အရှေ့တောင်အရပ်တွင် 'ချင်းတွင်းမြစ်' တို့ တည်ရှိကြ ၍ နာဂတောင်တန်း ၏ နယ်နမိတ်များ သဖွယ် ဖြစ်လျှက် ရှိသည်။

သမိုင်းအကျဉ်း
နာဂပြည်နယ် နှင့် ပတ်သက်၍ ရှေးအကျဆုံး မှတ်တမ်း များတွင် နာဂလူမျိုးစု များ၏ ရိုးရာဓလေ့ထုံးစံ များ၊ ကုန်သွယ်မှု အလေ့အထ အကြောင်း များ လောက်သာတွေ့ ရသည်။ 'နာဂ' ဟူသော အမည်သည်၊ နားတွင် အပေါက်ဖေါက် ထား၍ "နားကား" သောလူမျိုး ဟု မြန်မာစကား မှ ဆင်းသက် လာနိုင်သည် ဟု ကိုးကားပြောဆို လေ့ရှိသည်။ မည်သို့ဆိုစေ နာဂလူမျိုးစု သည် အာသံပြည်၊ မြန်မာပြည် နှင့် လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေး မှာပါ ဆက်သွယ် မှုရှိနေသည်။ ၁၈၁၆ ခု တွင် နာဂပြည်နယ် နှင့် အာသံပြည်နယ် တို့သည် မြန်မာမင်းတို့၏ တိုက်ရိုက်အုပ်ချုပ် အောက်သို့ ရောက်ရှိခဲ့ပြီး နောက်၁၀နှစ် အကြာ ၁၈၂၆ခု တွင်၊ ဗြိတိသျှတို့ လက်အောက်သို့ နာဂပြည်နယ် တစိတ်တဒေသ ရောက်သွားခဲ့သည်။ တဖန် 'တူယင်စံ' ဟု ဒေသတခု မှလွဲ၍ ကျန်ရှိသော နာဂပြည်နယ် အားလုံး ကို ဗြိတိသျှတို့က ၁၈၉၂ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ အာသံပြည်နယ် နှင့် တွဲဘက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန် မှ စ၍ တောင်ပေါ်သား နာဂလူမျိုးစု သည် တဖြေးဖြေး ခရိယန်ဘာသာဝင် များ ဖြစ်လာ ခဲ့လေသည်။

ရာသီဥတု
နာဂပြည်နယ် ၏ ခြောက်ပုံ တစ်ပုံ သည် အပူပိုင်းရပ်ဝန်း  အမြဲစိမ်း သစ်တော များဖြင့် ဖုံးအုပ် လျှက်ရှိ သဖြင့် တောနေ တိရိစ္ဆာန် မျိုးစုံ နှင့် သစ်ပင်ပန်းမာလ် မျိုးစုံ ကိုတွေ့ရသည်။ ဝါးပင်၊ ကြိမ်ပင်၊ များ သာမက မဟော်ဂနီ သစ်တောများ လည်းရှိ ပြီး၊ တချို့တောများ ကိုရှင်း၍ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ ထို တောကြီးများသည် ဝက်ဝံ၊ ကျားသစ်၊ ဆင် များ နှင့် အတူ တောခွေး၊ ဖြူ၊ မျောက်မျိုးစုံ၊ သမင်၊ တောင်ပေါ်ကျွဲ၊ နွားနောက် အစရှိသော တောရိုင်း တိရိစ္ဆာန် မျိုးစုံ မှီတင်း နေထိုင်ရာလည်း ဖြစ်သည်။ ထို့အပြင် နံမည်ကျော် Great Indian Horn bill ခေါ် အောက်ချင်းငှက် တမျိုး ကိုလည်း ထိုတောကြီး များတွင် တွေ့ရ ပါသည်။

နာဂပြည်နယ် ၏ ရာသီဥတုသည်  စိုထိုင်းဆ များ သော မုတ်သုန် ရာသီ ဖြစ်ပြီး၊ တနှစ်လျှင် မိုးရေချိန် ပျမ်းမျှခြင်း ၇၀ - ၁၀၀ လက်မ ခန့်ရရှိသည်။ မေလ မှ စက်တင်ဘာလ အတွင်း မိုးရေချိန် အမြင့်ဆုံး ဖြစ်၍၊ အပူချိန် မှာ ၇၀°F (၂၁°C) မှ အမြင့်ဆုံး ၁၀၄°F (၄၀°C) ရှိပြီး၊ ဆောင်းကာလ တွင် ၃၉°F (၄°C) အထိ အနိမ့်ဆုံး ကျဆင်းသွားပြီး တောင်ကုန်း မြေမြင့် အရပ် များတွင် မြူများ ဆိုင်းနေသည်ကို အမြဲတွေ့ရ လေ့ရှိသည်။

ရိုးရာယဉ်ကျေးမှု
နာဂလူမျိုး စုစုပေါင်း ၁၄စု ရှိပြီး၊ ကွန်ရာ့ခ်၊ လိုထ၊ အန်ဂမီ၊ အောင်ဝ် နှင့် ဇူမီ တို့ သည် အဓိက လူမျိုးစုကြီး များဖြစ်သည်။ နာဂလူမျိုးစုကြီး နှင့် မျိုးစု အငယ် များအကြားတွင် သစ္စာရှိမှု၊ ကြီးသူ ကို ငယ်သူလေးစား မှုသည် အရေးကြီးဆုံး သော ဓလေ့ နှင့် အစဉ်အလာ တခု ဖြစ်သည်။

လက်ယက် ယက္ကန်းယက်ခြင်း၊ ဂျတ်ခုတ်ခြင်း တို့သည် ရိုးရာ  လက်မှု အတတ်ပညာ တခုအဖြစ် လက်ဆင့်ကမ်း သယ်ဆောင်လာသည် မှာ ရာစုနှစ်ပေါင်း ကြာခဲ့ပြီး၊ ယနေ့ အထိမတိမ်ကောပဲ နာဂပြည်နယ်တွေ့ရဆဲ ဖြစ်ပါသည်။ လူမျိုးစု တစုတိုင်း တွင် ကိုယ်ပိုင်ဟန် ကိုယ်စီ ရှိပြီး အလွန်ထူးခြား လက်ရာမြောက် သော ဒီဇိုင်း၊ အရောင်အသွေး တို့ဖြင့် ယက်လုပ်ထား သော ခြုံစောင် [ရှောစောင်]၊ လွယ်အိတ်၊ စားပွဲခင်း များကိုတွေ့ရသည့် အပြင်၊ ဝါးဖြင့်ပြုလုပ်ထားသော အသုံးအဆောင် များ၊ သစ်သား ပန်းပုရုပ်များ၊ အလွန်လှပသော နာဂလှံ တို့ပါ တွေ့ရပါသည်။

ထို့အပြင် နာဂလူမျိုးစု တိုင်းတွင် ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှု အက များလည်းရှိပါ သေးသည်။   ယင်းတို့   ထဲတွင် မိုဆူ၊ ဆစ့်ခ်လဲညီ၊ ထိုခူ၊ အီမုန် နှင့် ဂန်ငိုင် လူမျိုးစု တို့၏ စစ်ချီအက နှင့် အခြားသော ရိုးရာအက တို့မှာ အလွန်ထူးခြားပြီး၊ အခြား နာဂလူမျိုးစု တို့ နှင့် မတူသော ကိုယ်ပိုင်ဟန် ကိုယ်စီ ရှိသည်ကိုလည်း တွေ့ ရပါသည်။ နာဂလူမျိုး တို့၏ ရိုးရာ အက သည် ၎င်းတို့၏ အဓိက ယဉ်ကျေးမှု တခုဖြစ်ပြီး၊ လူတိုင်း ထို အက များကို မွေးရာပါ အကတခု အနေဖြင့် အထူးသင်စရာ မလိုပဲ က,တတ်ကြလေ့ ရှိသည်။

ဘာသာရေး
လူဦးရေ ၂သန်း နီးပါးမျှ ရှိသော နာဂလူမျိုးစု အားလုံး၏ ၉၀% သည် ခရိယာန် ဘာသာကို သက်ဝင်ယုံကြည် ကြပြီး၊ နာဂပြည်နယ်သည် အိန္ဒိယနိုင်ငံ ၏ ခရိယာန်ဘာသာဝင် အများဆုံး နေထိုင်သော ပြည်နယ် သုံးခုတွင် တခုအပါဝင်ဖြစ်သည်။ ၎င်းအပြင် အခြားပြည်နယ် နှစ်ခုဖြစ်သော မဂ္ဂာလရာ၊ အာသံ ပြည်နယ် နှင့် နိုင်းယှဉ် ပါက နာဂပြည်နယ် တပြည်နယ် တည်း၌သာ ခရိယန်ဘာသာဝင် ၉၀% ရှိကို တွေ့ရသည်။

ကိုဟီမ၊ ဒီမပူရ်၊ မိုကုက်ချွန် စသော မြို့ များတွင် ခရိယာန်ဘုရားကြောင်း များကို အများဆုံးတွေ့ရသည်။ အာရှတိုက် တွင် ခရိယာန်ဘုရားကျောင်း  အများဆုံး တွေ့ရသော ပြည်နယ်တခု ဟုဆိုနိုင် သည့်အပြင်၊ ဘုရားကျောင်းပုံမှန် တက်သော လူမျိုးစု လည်းဖြစ်သည်။ နာဂလူမျိုးများ ၏ ၇၀% သည် "နှစ်ခြင်းခရိယာန်" ဘာသာကို အများဆုံး သက်ဝင် ယုံကြည် ကြပြီး၊ ကက်သိုလစ်ဘုရားကျောင်း အချို့ကို ကိုဟီမ နှင့် ဒီမပူရ်မြို့ တို၏ ဆင်ခြေဖုံးရပ်ကွက် များတွင် အနည်းအကျဉ်း တွေ့နိုင် ပါသည်။ ကျန်ရှိသော ၇.၇% မှာ ဟိန္ဒူ ဘာသာ နှင့် ၁.၈% မှာ မူဆလင် ဘာသာကို သက်ဝင်ယုံကြည် ကြပြီး၊ ၀.၃% နီးပါး မျှ သော နာဂလူမျိုးစု တချို့သာ ရိုးရာဘာသာများ ကို ကိုးကွယ် ကြသည်။

No comments: